မိုင်းဖြတ် ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား အသစ်ပြန်လည် ပြုပြင်တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ ယခုအခါ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ဧပြီလ ၉ ရက်က သိရသည်။
အဆိုပါ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်တော်အမြင့် ၂၂ ပေ၊ ၆ လက်မ၊ ပလ္လင်တော် ၂ ပေ၊ ၆ လက်မဖြင့် တည်ထားကိုးကွယ်လျက်ရှိပြီး ယခုအခါ အသစ်ပြန်လည်ပြုပြင်မွမ်းမံကိုးကွယ်ရာတွင် ဉာဏ်တော်အမြင့် ၂၇ ပေ၊ ပလ္လင်တော် ၅ ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူဖြင့် တည်ထားကိုးကွယ်သွားမည်ဖြစ်ပြီး စေတီတော်ပြုပြင်မွမ်းမံရာတွင် ဒေသခံအလှူရှင်များ၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားထီးတော်တင်ပွဲကို ကဆုန်းလအတွင်း စီစဥ်ကျင်းပသွားမည်ဖြစ်တယ်လို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်(အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ)ဘဒ္ဒန္တနန္ဒောဘာသထံက သိရသည်။
ရွှေကို(မိုင်းဖြတ်)