ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေး(၃)မွှာ မွေးဖွားသည့် မိခင်အား အာဟာရမုန့်များ၊ ကလေးအသုံးအဆောင်များနှင့် အလှူငွေများ ထောက်ပံ့

ကျောက်ဆည် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အသင်းဝင်များသည့် ယမန်နေ့ နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ကလေး(၃)မွှာ မွေးဖွားပြီး ဆေးဝါးကုသမှု ခံယူနေသည့် မိခင်အား အာဟာမုန့်များ၊ ကလေးအသုံးအဆောင်များနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အသင်းဝင်များသည်  ကလေး(၃)မွှာ မွေးဖွားသည့် မိခင်ဒေါ်ဖြူဖြူခိုင်အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး မိခင်နှင့် ရင်သွေးငယ်များအတွက် အဟာရမုန့်များနှင့် ကလေးအသုံးအဆောင် ပစ္စည်းများ အလှူငွေများ ပေးအပ်ခဲ့ရာ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်မိုးက မိခင်နှင့်ရင်သွေးငယ်များ၏ ကျန်းမာရေး အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြင့် ဆေးဝါးကုသပေးနေမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် တာဝန်ရှိသူများသည် ကလေးကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ရင်သွေးငယ်များအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ကလေး(၃)မွှာ မွေးဖွားသည့် မိခင်အမျိုးသမီးသည် ကျောက်ဆည်မြို့နယ်ပတ္တာကျေးရွာအုပ်စု၊ ထနောင်းပင်လှ ကျေးရွာတွင် နေထိုင်သည့် ဒေါ်ဖြူဖြူခိုင်ဖြစ်ပြီး ယခု ကလေး(၃)မွှာ မွေးဖွားခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ကလေးငယ်တစ်ဦးလျင် (၁.၅) ကီလိုဂရမ် ကိုယ်အလေးချိန်ရှိကြောင်းနှင့် ပထမအကြိမ်တွင် ကလေးအမွှာ(၂)ဦး မွေးဖွားခဲ့သူဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)