ကျောက်ဖြူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်ဖြူ ဧပြီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးနေမင်းသူက ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ် တည်ဆောက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပြီးစီးနိုင်ရေး၊ ဗဟိုမဏ္ဍပ်သို့ လာရောက်ကြမည့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ရေပက်ခံလာရောက်ကြမည့် ပြည်သူများအား မလိုလားအပ်သည့် ပြသနာဖြစ်ပွားမှုမျိုး တစ်စုံတရာမျှ မရှိစေရန်နှင့် ပြည်သူများ သင်္ကြန်ပွဲတော်ရက်များအတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် ပျော်ရွှင်နိုင်စေရန် ဆောင်ရွက်ထားရှိရေးတို့နှင့် ပတ်သက်၍လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးနှင့် မှတ်တမ်း တင်ထားရှိရေး၊ သင်္ကြန်ပွဲတော်ရက်များတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့များ၊ ဖျော်ဖြေ ရေးအစီအစဉ်များအား စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ မိမိတို့၏ ကော်မတီအလိုက် ဆောင်ရွက်ထားရှိအား အကြံပြုဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။  

ထို့နောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မိမိတို့ သက်ဆိုင်ရာ ကော်မတီများ၏ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးအကြံပြုတင်ပြကြရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)