ဆီဆိုင် နိုဝင်ဘာ ၆
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲနှင့် လက်ဆင့်ကမ်း ဖရောင်းတိုင်မီးညှိပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုချီးမြှင့်ခြင်း၊ အငြိမ်းစားထွေအုပ်ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဗလာမပါ ကံစမ်းမဲများ ဖောက်၍ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)