သီပေါ ဧပြီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ အကြိမ်(၅၂)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား(၅၃)ကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့်ဆရာဝန်များနှင့်လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်း၊ အပြင်နှင့် ခွဲစိတ်ကုသခန်းများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ၂၀၂၄ ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်း၊ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)