ဝိုင်းမော် ဧပြီ ၁၂
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၈ ရက်ကြာဖွင့်လှစ်သွားမည့် (ဒုတိယ)အကြိမ် မဟာသင်္ကြန်ကာလ မဟာစည် ဝိပဿနာအထူးတရားစခန်းကို ယမန်နေ့နံနက် (၉) နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရှိ ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ အဆိုပါ တရားစခန်းသို့ တက်ရောက်လာသူအပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ရတနာသုံးပါးအား ရှိခိုးကန်တော့၍ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ရန်ကုန်မြို့၊ မဟာစည်ဝိပဿနာတရားပြ နာယကဆရာတော် ဘဒ္ဒန္တဝေဠုရိယက ဩဝါဒကထာ မြွက်ကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တရားစခန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြရာတွင် မဟာစည်ဝိပဿနာ အထူးတရား စခန်းသို့ ဝင်ရောက်ကျင့်ကြံ အားထုတ်ကြမည့် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ယောဂီ (၁၀၂)ဦး၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ပံ့ပိုးမှု ကိစ္စရပ်များအား လစ်ဟာမှု မရှိရလေအောင် ပြည်နယ်အစိုးရအဖွဲ့မှ စီမံထားရှိပါကြောင်းနှင့် တရားစခန်း အောင်မြင်စွာ ဖြစ်မြောက်ရေးနှင့် ဝိပဿနာတရား ဟောကြားပြသပေးသည့် ဆရာတော်များ၏ သံဃာ့ဂုဏ် ရည်မျှော်ရှိခိုးပူဇော်လျက် ဥပကာရ အထူးတင်ရှိပါကြောင်း လျှောက်ထားတင်ပြပြီး ဗုဒ္ဓသာသနံ စိရ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)