မောက်မယ်မြို့နယ်၌ နမ့်ယွန်းတံတားသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မောက်မယ် ဧပြီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်နှင့် မိုက်ဟုန်းရပ်ကွက်သို့ ဆက်သွယ်သည့် နမ့်ယွန်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဆရာတော်သံဃာတော်များအား နံနက်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဆရာတော်ထံမှ အနုမောဒနာတရား နာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဇော်၊ ဂေါ်ဒန်လုပ်ငန်းရှင် ဦးစိုင်းတင်အောင်နှင့် ဦးစိုင်းရီတစ်တို့က အဆိုပါနမ့်ယွန်းတံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

အဆိုပါ နမ့်ယွန်းတံတားသည် ဂေါ်ဒန်လုပ်ငန်းရှင်များအနေဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ကြောင်း ယခုဖွင့်လှစ်သည့် နမ့်ယွန်းတံတားသည် ဂေါ်ဒန်လုပ်ငန်းရှင်များနှင့် ဒေသခံအလှူရှင်များတို့မှ ကိုယ်ထူကိုယ်ထဖြင့် အကျယ် (၁၄)ပေ၊ အရှည် (၆၀)ပေအား အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့သဖြင့်  ဒေသခံရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအဆင်ပြေလာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)