မိုင်းဆတ် ဧပြီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ မယ်နင်ကျေးရွာအုပ်စုတွင် ဒုတိယအကြိမ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းလှိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် တာဝန်ရှိသူတို့က တောင်ယာမီးရှို့ရှင်းလင်းသည့် ရာသီဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာအလိုက် အလှည့်ကျစနစ်ဖြင့် တောင်ယာမီးရှို့ရေးဆောင်ရွက်ကြရန်နှင့် သဘာဝမီး၊ တို့မီး၊ ရှို့မီးနှင့် အခြား ပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း မီးခိုးမြူငွေ့များကျရောက်နိုင်သည့်အခြေအနေများ၊ မဆင်မခြင်တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ မီးခိုးမြူငွေ့များကြောင့် ဖြစ်စေတတ်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ရေအရင်းအမြစ်နှင့် မြေဆီလွှာကာကွယ်ထိန်းသိမ်းရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညနေ(၃)နာရီအချိန်တွင် ဝိန်းနေကျေးရွာအုပ်စုသို့သွားရောက်၍ ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်(မိုင်းဆတ်)