တံတားဦး ဧပြီ ၁၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါးထရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက် လုပ်ရောင်းချများထံမှ သိရသည်။
ဝါးအမျိုးအစားမှ အမျိုးမျိုးရှိပြီး ထရံယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားကိုသာ အဓိက သုံးစွဲကြကြေင်းနှင့် အနံ(၆)ပ၊ အလျား(၁၅)ပေ၊ ရိုးရိုးထရံတစ်ချပ် ယက်လုပ်မည်ဆိုပါက တင်းဝါး (၁၀) လုံး အသုံးပြုရကြောင်း၊ ကုနကျမှုအနေဖြင့် လုပ်အားခ အပါအဝင် ငွေကျပ် (၄) သောင်း ကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ် (၇) သောင်းကျော် ရရှိကြောင်း ၊ ပုံစံဒီဇိုင်းများ ၊ ဝါးအကြောများဖြင့် လုပ်ထားသော နှီးပူးဝါးထရံ အမျိုးအစားများ ယက်လုပ်ရောင်းချပါက ရောင်းဈေးပို၍ရရှိသဖြင့် ဝင်ငွေ ပို၍ရရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူ ကူတိုးဆိပ်ကျေးရွား သရဖူဝါးရောင်းဝယ်ရေး လုပ်ငန်းပိုင် ဦးထွန်းထွန်းထံမှ သိရသည်။
ထရံများ ယက်လုပ်ရာတွင် ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအား ရေဝအောင်စိမ်ထားရကြောင်း၊ ရေမစိမ်သည့် ဝါးများဖြင့် ယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှု မရှိကြောင်း၊ ထရံ ဝယ်ယူများအနေဖြင့် ရေစိမ်ဝါးဖြင့် ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်းနှင့် ဝါးထရံယက်လုပ်မည်ဆိုပါက ရေစိမ်ဝါး ရောင်းချသူများထံမှ အများဆုံး ဝယ်ယူပြီး ထရံယက်လုပ် ရောင်းချကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)