မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး

ချမ်းအေးသာစံ ဧပြီ ၁၂

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊  တန်ခူးလဆန်း ၃ ရက်၊  ခရစ်နှစ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေပိုင်းတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေး မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။

ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ရာ၌ ဖွင့်ပွဲ အစီအစဉ်ပါအတိုင်း နေရာအသီးသီးယူကြပြီး ခရုသင်းမှုတ်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ယိမ်းအဖွဲ့များနှင့် အခြေခံပညာကျောင်းသူများ ယိမ်းသမီးပျိုလေး စုစုပေါင်းအင်အား ၉၀၀ ဦးတို့က အနုပညာဦးစီးဌာန၊ မန္တလေးဌာနခွဲမှ မင်္ဂလာစည်တော်၊ ဆိုင်းအဖွဲ့တို့နှင့် တွဲဖက်၍ သင်္ကြန်အဖွင့်သီချင်း၊ သင်္ကြန်ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခြင်းများကို ဝတ်စုံပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး မြို့မငွေငန်းအလှပြယာဉ်က မဏ္ဍပ်ရှေ့မှ ဖြတ်သန်းဂါရဝပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယိမ်းသမီးပျိုလေးများ၏ သင်္ကြန်ယိမ်းအကများဖြင့် ကပြမှုများကို ဆက်လက်ကြည့်ရှုအားပေးကာ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်