တောင်ကြီး ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီအစည်းအဝေးကို ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံအဖြစ် အဆိုပြုယှဉ်ပြိုင်လျှောက်ထားသည့် မြို့ (၁)မြို့နှင့် စက်ရုံ (၁)ရုံအနက် အတည်ပြုသတ်မှတ်ထားပြီးဖြစ်သော အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် မြို့နှင့်စက်ရုံအား ပြည်နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး ရွေးချယ်အတည်ပြုနိုင်ရန်နှင့် ပြည်နယ်ကိုယ်စားပြု အမျိုးသားအဆင့် ပါဝင်ယှဉ်ပြိုင်လျှောက်ထားရန် အဆင့်မီသည့် မြို့ (၁)မြို့၊ စက်ရုံ (၁)ရုံအား အတည်ပြုရွေးချယ်နိုင်ရန်အတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံအဖြစ် ပါဝင်ယှဉ်ပြိုင်လျှောက်ထားလာသည့် မြို့နှင့် စက်ရုံ/ အလုပ်ရုံများကို ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးမှုရလဒ်များကို ဦးစီးကော်မတီသို့ တင်ပြလာသည့်အပေါ် ပြည်နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ရန် ဦးစီးကော်မတီအဖွဲ့ဝင်များက သတ်မှတ်ထားသော အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှုအားကောင်းသည့် မြို့နှင့် စက်ရုံကို ရွေးချယ်အတည်ပြုပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံများ ပေါ်ထွန်းလာခြင်းသည် ရှမ်းပြည်နယ်အတွင်း ဆုရမြို့နှင့် စက်ရုံ/ အလုပ်ရုံများ၏ ပတ်ဝန်းကျင်နှင့်ညီညွတ်သည့် ဆောင်ရွက်ချက်များအား အခြားမြို့နယ်များနှင့် စက်ရုံ/အလုပ်ရုံများမှ အတုယူလိုက်နာဆောင်ရွက်ခြင်း၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသူများမှ ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိစေနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သဖြင့် လာမည့်နှစ်များတွင်လည်း ပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ယခုထက်ပိုပြီး ပေါ်ထွန်းလာစေရန် ပြည်သူလူထု၊ လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနှင့်ပုဂ္ဂလိကအခန်းကဏ္ဍများ၏ အသိအမှတ်ပြုမှုနှင့် ပံ့ပိုးကူညီမူသည် များစွာအရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံတို့၏ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၏အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု Video Clip ပြသခြင်း၊ ဦးစီးကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့အား အဖွဲ့ဝင်များမှ အတည်ပြုလက်မှတ်ရေးထိုးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ၊ အတည်ပြုချမှတ်ခြင်းများ ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း