မိုင်းယောင်း နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မဲရုံများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများပေးနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားရှိပြီးပြီဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း မဲရုံပြင်ဆင်ဆောင်ရွက် နေမှုများကို နိုဝင်ဘာ ၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုကြရာ မဲရုံများ အဆင်သင့်ပြင်ဆင်ထားရှိ၍ ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်း ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျ ခင်းကျင်းထားရှိမှု အခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်အတွင်း သက်ဆိုင်ရာလွှတ်တော်နေရာအသီးသီး၌ ကိုယ်စားလှယ်လောင်း (၂၃)ဦးတို့က နိုင်ငံရေးပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၇၁၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အားချာ(ပြန်/ဆက်)