ပုဗ္ဗသီရိ ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Bow ပြုလုပ်နည်း၊ Keychains ပြုလုပ်နည်းသင်တန်းများကို ယမန်နေ့နှင့် ယနေ့ နှစ်ရက်တိုင်တိုင် ပုဗ္ဗသီရိမြို့နယ် Community Centre ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ယနေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး အိမ်တွင်းလက်မှုပညာများ၊ တီထွင်ဖန်တီးမှုပညာရပ်များ၊ သက်မွေးဝမ်းကြောင်းပညာရပ်များ၊ အနုပညာ၊ နည်းပညာရပ်များကို လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏ ဘဝတိုးတက်ရေးအတတ်ပညာများကို ကြိုးစားသင်ယူကြစေရန် တိုက်တွန်း၍ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်မှ ဒီဇိုင်နာချယ်ရီအောင်သန်းက Bow ပြုလုပ်ရာတွင် ခေါင်းစည်းကြိုး၊ ဆံညှပ်၊ ကလစ်၊ ဆံအုပ်များ ဖန်တီးပုံဖော်နည်း၊ အပွင့်၊ အရွက်၊ အခက်နှင့် အရောင်ရွေးချယ်အသုံးပြုနည်းများနှင့် Keychains ပြုလုပ်နည်းများကို အသေးစိတ်သင်ကြားပေးခဲ့ပြီး သင်တန်းတက်ရောက်သူများအား လက်တွေ့လေ့ကျင့်ပေးခဲ့ပါသည်။ Bow ပြုလုပ်နည်းကို နံနက်ပိုင်းနှင့် Keychains ပြုလုပ်နည်းကို မွန်းလွဲပိုင်းတွင် ဧပြီလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ နှစ်ရက်တိုင်တိုင် သင်ကြားပို့ချပေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)