ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဆိပ်ကြီးခနောင်တို ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဆိပ်ကြီးအနောက်ရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ ဗုဒ္ဓဝင်သကျောင်းဆောင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး၊ မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံ ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က မြို့နယ်၏သာသနာရေးဆိုင်ရာများအား ဆရာတော်သံဃာတော်များထံ လျှောက်ထား တင်ပြသည်။

ယင်းနောက် အခြေပြုမူလတန်းအောင်မြင်ခဲ့ကြသည့် ရှင်သာမဏေ သုံးပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ ဒကာ၊ ဒကာမများက စာအောင်လက်မှတ်နှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြပြီး၊ စာသင်စာချ ဆရာတော် သံဃာတော်များအား မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဝတ္တုငွေများ အသီးသီး ဆက်ကပ်လှူ ဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ စာသင်စာချဆရာတော်များ၊ စာအောင်ရှင်သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်နေပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)