မုံးကိုး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် ဆန္ဒပြုမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့၊နံနက်ပိုင်းအချိန်က မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား မဲရုံသုံးပစ္စည်းများ ဖြစ်သည့် ဆန္ဒပြုမဲ လက်မှတ်များ၊ မဲပုံးများ၊ လုံခြုံရေးကြိုးများ၊ ဆန္ဒပြုတံဆိပ်တုံးများ၊ ဆန္ဒပြုခန်းတွင် အသုံးပြုမည့် ပစ္စည်းများနှင့် မှင်ဘူးများစသည့် မဲရုံသုံးပစ္စည်း(၁၉)မျိုးနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် သတ်မှတ်ပုံစံများကို ထုတ်ပေးခဲ့သည်။
မုံးကိုးမြို့တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၁)အုပ်စုတို့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပြီး မဲရုံပေါင်း(၃၁)ရုံနှင့် မဲဆန္ဒရှင်စုစုပေါင်း ၁၅၀၀၀ ကျော်ရှိကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)