တပ်ကုန်းမြို့၌ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

တပ်ကုန်း ဧပြီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားထားသည့်“ငဩ”စာအုပ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပသည်။

အဆိုပါစာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမျိုးမြင့် (မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားထားသည့် “ငဩ” စာအုပ်တွင်ပါရှိသည့် မျှော်လေတိုင်း မှိုင်းမှုန်မှုန်၊ ဘဝ၏ မုန်တိုင်းပြင်ဝယ်၊ သူ့ကျွန်ဘဝ၊ မြေနိမ့်ရာလှံစိုက်၊ လမ်းဘယ်မမြင်၊ မှာတော်ပုံခေါင်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား တက်ရောက်သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်