ကျောက်ဆည်မြို့နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်နေသူများ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သူ (၁၈) ဦးအား ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူ

ကျောက်ဆည်၊ နိုဝင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်မှ Facility Quarantine ဝင်ရောက်နေသူများ နှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ  (၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်ဦးဆောင်မှုဖြင့် ဓာတ်ခွဲနမူနာများ ရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန မန္တလေးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဓာတ်ခွဲနမူနာများ ရယူရာတွင် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်ကျေးရွာမှ  အမျိုးသား (၁) ဦး၊ နွားထိုးကြီးမြို့မှ အမျိုးသား (၄) ဦး၊ ကျောက်ဆည်မြို့နယ် ငါးဆူကျေးရွာမှ  အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး၊ သင်တောင်းကျေးရွာမှ အမျိုးသား (၁) ဦး၊ ဖျောက်ဆိပ်ပင်ကျေးရွာမှ ဘုန်းတော်ကြီး (၁) ပါးနှင့် ရန်ကုန်မြို့မှ ပြန်လာသည့် ထနောင်းပင်လှမှ အမျိုးသား (၁) ဦး၊ ဆူးကုန်းရပ်ကွက်မှ အမျိုးသား (၁) ဦး၊ ရွာပုလဲကျေးရွာမှ အမျိုးသမီး (၁) ဦး၊  ခရမ်းသုံခွမှပြန်လာသည့် အေးမြကြည်လင်ရပ်ကွက်မှ အမျိုးသား (၁) ဦး၊ ရွှေလေးကျေးရွာမှ အမျိုးသား (၁) ဦး၊ အမျိုး သမီး (၁) ဦး၊ စုစုပေါင်း (၁၈) ဦးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးရာတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန မန္တလေးမှ ညနေ(၆)နာရီ(၁၀)မိနစ် ထွက်ရှိသော ဓာတ်ခွဲအဖြေများအရ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် မြင်းခြံမြို့နယ် ဘော်ဘွယ်မြို့မှ အမျိုးသား(၁)ဦး၊ နွားထိုးကြီးမြို့နယ် ထန်းတောရွာမှ အမျိုးသား(၁)နှင့် ရန်ကုန်မြို့မှ ပြန်လာသည့် ကျောက်ဆည်မြို့နယ် ထနောင်းပင်လှကျေးရွာမှ အမျိုးသား (၁) ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း သိရှိရသဖြင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံးကြီးမှ အဆိုပါ အမျိုးသား(၃)ဦးအား စနစ်တကျဆေးဝါးကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)