ပန်ဆိုင်း နိုဝင်ဘာ ၆
(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ မဲရုံများအား ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မူဆယ်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်မှူးရေးမှူး ဦးသက်နိုင်စိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်၊ စာရင်းစစ်ဌာနမှ ဦးစီးအရာရှိ ဦးထွေးလှိုင်နှင့် မူဆယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလာရောက် မဲပေးရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် သွားရန်၊ လူစုလူဝေးမဖြစ်စေရေးအတွက် စိစစ်ဆောင်ရွက်ရန်၊ မဲရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်မှုများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ကျေးရွာမဲရုံများကို ဆက်လက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း မြို့ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)