မိတ္ထီလာ ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရန် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စီမံကိန်းတာဝန်ခံများက အုပ်စုလိုက် အဖွဲ့ခွဲ၍ စီမံကိန်းလက်စွဲများတွင် ပြင်ဆင်ရန် လိုအပ်သည့် အချက်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရာတွင် အားနည်းချက်၊ အားသာချက်များနှင့် စီမံကိန်းလုပ်ငန်းများ ယခုထက် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ပြင်ဆင်လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မြစိမ်း ရောင်ကျေး ရွာစီမံကိန်း လုပ်ငန်းအား အောင်မြင်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)