နမ့်စန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ချပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နမ့်စန်-တ ဧပြီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ချပေးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာတွင် မြို့နယ်မှတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့၏ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးစီမံချက်အရ နမ့်မော်ခေါက်ဆင့်ကျေးရွာနေပြည်သူများ ပိုင်ဆိုင်နေထိုင်သည့် နေအိမ်ဝိုင်းများအတွက် ကျေးရွာမြေငှားဂရန်များထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအုပ်စုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစတင်ဆောင်ရွက်မည့်အခြေအနေ၊ ပြည်သူများဘက်မှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရရှိလာမည့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မက်မွန်မုန်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းဩတနှင့် နမ့်မော်ခေါက်ဆင့်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်းနှင့် ကျေးရွာမြေငှားဂရန်ချပေးရေးလုပ်ငန်းများကို ဧပြီလ ၁၁ ရက်နေ့မှစတင်၍ သက်ဆိုင်ရာကဏ္ဍအလိုက် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)