လားရှိုး ဧပြီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ရေကစားမဏ္ဍပ်များကို လားရှိုးတက္ကသိုလ် ၊ အ.ထ.က (၁) ကျောင်းနှင့် မြို့မရဲစခန်းတို့တွင် ဆောက်လုပ်လျက်ရှိနေပြီး ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပျော်ရွှင်အေးချမ်းစွာ ရေဆော့ကစားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
“ဒီတစ်နှစ်တော့ ဌာနဆိုင်ရာစုပေါင်းရေကစားမဏ္ဍပ်တွေကို အ.ထ.က ၁ နဲ့ လားရှိးတက္ကသိုလ်တွင်းမှာ ပြုလုပ်ထားပါတယ်။ အ.ထ.က ၁ မှာတော့ လမ်းလျှောက်သင်္ကြန်အနေနဲ့ရော ဆင်နွှဲနိုင်အောင် စီစဉ်လျက်ရှိပါတယ်။ သင်္ကြန်ယိမ်းအကတွေနဲ့လည်း ဖျော်ဖြေသွားမှာဖြစ်ပါတယ်။” ဟု မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။
လားရှိုမြို့တွင် မဟာသင်္ကြန်ကာလအတွင်း မြို့တွင်းရေကစားမဏ္ဍပ်များတွင်သာမက မြို့အနီးဝန်းကျင်ရှိ ရေအေးချောင်း၊ ရေပူစမ်း၊ နမ့်မျှော်ချောင်းတို့တွင်လည်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)