နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု

နေပြည်တော် ဧပြီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေ ဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးအတွက် အထူးအလေးထားကြပ်မတ် ဆောင် နေပြည်တော်အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး၊ အခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခွန်ကောက်လုပ်ထုံးလုပ်နည်းများ အပါအဝင် အခွန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင် ကုန်သွယ်မှု၏ နိုင်ငံအပေါ် ထိခိုက်မှုများကို ပြည်သူများ သိရှိနားလည်အောင် အသိပညာပေးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင် ရပ်တည်နိုင်ရန်နှင့် စားသုံးသူများ အကာအကွယ်ပေးနိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုများ တားဆီးထုတ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကြိုတင်ကာကွယ်တားဆီးရေးနှင့် အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်လုပ်ငန်းများကို တားဆီးကာကွယ်ဆောင်ရွက်နေသည့်အပြင် တရားဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် (၈) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားနှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားအား လည်းကောင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း  ဆုများအသီးသီးချီးမြှင့်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ကျောက်မျက်ရေပေးဝေရေးဝင်းအတွင်း ရေသန့်စင်နေမှုအခြေအနေနှင့် ရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းဘေးရှိ ဗေဗေ့မောင်ဆည်အတွင်း ရေဝင် ရောက်မှုနှင့် ရေသုံးစွဲမှုအခြေအနေများ၊ ဆည်ပတ်လမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ အမှတ် (၈၅) တံတားနှင့် သံလမ်းတံတား ငလိုက်ချောင်း တစ်လျှောက်တို့တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)