ရန်ကုန် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲအခမ်းအနားကိုယနေ့နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စာပဒေသာဝေဆာစေမည် Video Clip ပြသပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စာပေဆိုသည်မှာ နိုင်ငံနှင့်လူမျိုး၏ အသက် ဝိညာဉ် ဖြစ်ပါကြောင်း၊ စာပေယဉ်ကျေးမှုမရှိသည့် လူမျိုးသည် အသက်ဝိညာဉ် ကင်းမဲ့သည့် ခန္ဓာနှင့် တူပါကြောင်း၊ စာပေယဉ်ကျေးမှု ထွန်းကားသည့် လူမျိုးများသည် ကမ္ဘာပေါ်တွင် ထည်ဝါစွာ ရပ်တည်နေနိုင်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအနေနှင့် စာပေအသိပညာဗဟုသုတ ထွန်းကား နေစေရေး အစဉ်ကြိုးပမ်း ဆောင်ရွက်နေကြပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းနေသည်ကို တွေ့ရှိရသည့်အတွက် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ စာတတ်မြောက်ခြင်းက လူတစ်ဦးချင်းအလိုက် အကျိုးကျေးဇူးများ ရရှိရုံသာမက ရပ်ရွာအတွင်း၊ နိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတို့ကိုလည်း အထောက်အကူပြုစေပါကြောင်း၊ စာတတ်မြောက်မှုကနေ စာပေဖတ်ရှုလေ့လာမှုများဖြစ်ပေါ်လာအောင် စီမံဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စာကြည့်တိုက်မှူး၊ စာကြည့်တိုက်ကော်မတီများသာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အလှူရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်သည့်အတွက် ယခုလို လှူဒါန်းပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အလှူငွေနှင့်စာအုပ်စာစောင်များကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် လှူဒါန်းမှုနှင့်ပတ်သက်၍ အလှူရှင်တစ်ဦးက ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)