မြန်မာနိုင်ငံတဝန်းရှိစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်း

တောင်ကြီး ဧပြီ ၁၀

မြန်မာနိုင်ငံတဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲကို ဧပြီ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပသည်။

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က နိုင်ငံတော်တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ အရည်အသွေးပြည့်ဝရန် အဓိကလိုအပ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာဖွံ့ဖြိုတိုးတက်ရန်အတွက် နေ့စဥ်အစာအဟာရကို မှီဝဲကြရသလို စိတ်ပိုင်းဆိုင်ရာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စေရန် စာပေအဟာရကလည်း လိုအပ်ပါကြောင်း၊ စာပေမြင့်လျှင် လူမျိုးတင့်သည်ဆိုသည့်စကားအတိုင်း စာပေမြင့်သောနိုင်ငံတိုင်း ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်အောင် စာပေဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ စာပေဖတ်ရှုလေ့လာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပြရမှာဖြစ်ကြောင်း၊ ပြည်သူများ စာဖတ်သည့်အလေ့အထ တိုးတက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်သလို စာကြည့်တိုက်အခြေပြု အစီအစဥ်များကိုလည်း မဖြစ်မနေ အသုံးပြုရမည်ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြရန် မိမိတို့အနေဖြင့် အားပေးကြရမှာဖြစ်ပါကြောင်း၊ စာပေများကိုအလွယ်တကူ လေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များကိုလည်း ဖန်တီးပေးကြရမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဥ်ကျေးမှု ထွန်းကားရေးကို လုပ်ဆောင်ကြရန် လိုအပ်မှာဖြစ်ကြောင်း အသိပညာပြည့်ဝသည့် ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရန်အတွက် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများနှင့်မိဘများ၊ ဆရာ၊ ဆရာမများက ကြိုးစားဆောင်ရွက်ကြရန်နှင့် ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည်တည်တံ့ရေး၊ တိုးတက်ရေးတို့ကိုအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ စာပေပဒေသာဝေဆာစေမည် VideoClip ပြသပြီး အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းသော စာအုပ်၊ အလှူငွေများတို့ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်များမှ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ခန်းမအတွင်း ခန်းကျင်းပြသထားသော စာအုပ်များနှင့် Community Centre တွင် အင်္ဂလိပ်စာသင်တန်းသားမှ သင်တန်းသား၊ သင်တန်းသူများမှ ရောင်စုံဆေးရေးခြယ်နေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များနှင့် ငွေများလှူဒါန်းမှုတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လှူဒါန်းမှုစာရင်းမှာ ငွေကျပ်သိန်း (၄၂၄၁၁၅၈၀)၊ စာအုပ်အရေအတွက်(၂၀၃၅)အုပ် တန်ဖိုးငွေကျပ်သိန်း(၁၄၆၇၃၅၀၀)၊ စုစုပေါင်း ကျပ်သိန်း (၅၇၀၈၅၀၈၀) ရရှိကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)