မုဒုံမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ

မုဒုံ ဧပြီ ၁၀

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်ကို မြို့မ (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ဆောက်လုပ်လျက်ရှိသည်။

အဆိုပါ ဗဟိုရေကစားမဏ္ဍပ်တွင် မဏ္ဍပ်အလယ်စင်နေရာ၌ သင်္ကြန်ယိမ်းအကများ ဖျော်ဖြေရန်နှင့် သင်္ကြန်တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေရန် နေရာတို့အပြင် မဏ္ဍပ်၏ဘေးတစ်ဖက်စီနှင့် အရှေ့တွင် ပွဲကြည့်စင်များကိုလည်း ထည့်သွင်းဆောက်လုပ်ထားသည်။ ဗဟိုရေကစားမဏ္ဍပ်၏ အရှေ့ဘက် ဝဲယာတစ်ဖက်စီတွင်လည်း သင်္ကြန်ရေကစားရန် စင်နေရာနှစ်ခုကို ဆောက်လုပ်ထားကြောင်း သိရသည်။

မုဒုံမြို့ မဟာသင်္ကြန်ပွဲတော်တွင် မြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ သင်္ကြန်ယိမ်းအဖွဲ့ လေးဖွဲ့၊ ပညာရေးဌာနမှ တစ်ဖွဲ့၊ တေးသီချင်း အဆိုအက ဝါသနာရှင်တို့ဖြင့် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် စီစဥ်ဆောင်ရွက်ထားပြီး စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)