ဒဂုံမြောက် နိုဝင်ဘာ ၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံးနေထိုင်သူများအား အုပ်ချုပ်သူဆရာတော်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နေထိုင်ရေး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်သာသနာရေးမှူးဦးတင်မောင်မောင်သန်းတို့မှ ယမန်နေ့က လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆရာတော် သံဃာတော်များအား Social Distancing နှင့်အညီ နေထိုင်ရေး၊ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်နေထိုင်သွားလာရေး၊ ဆွမ်းဘုန်းပါက တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင်ပုံစံဖြင့် ဘုန်းမပေးရန်၊ တစ်ပါးနှင့်တစ်ပါး(လူပုဂ္ဂိုလ်များနှင့်ပါ) အမြဲတမ်း (၆)ပေ အကွာ၌သာ လျှောက်ထား၍ မိန့်ကြားကြပါရန်တို့နှင့် လက်ကမ်းစာစောင် များအား သက်ဆိုင်ရာ ဆရာတော်များ၊ သီလရှင်ဆရာကြီးများထံသို့ ဖြန့်ဝေ လျှောက်ထား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဘုန်းတော်ကြီးကျောင်း (၅၆) ကျောင်းနှင့် သီလရှင်ကျောင်းတိုက်(၆)ကျောင်းရှိပြီး ရဟန်း (၇၉၁) ပါး၊ သာမဏေ (၄၉၀) ပါးနှင့် သီလရှင် (၃၈၅) ပါး သီတင်းသုံးနေထိုင်လျက်ရှိကြောင်း မြို့နယ်သာသနာရေးမှူးထံမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)