ကျောက်ဆည် ဧပြီ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါ့ဆမီးကြောင့် မီးလောင်ဆုံးရှုံးမှုမရှိစေရေး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်သန္ဓေတပ်ဖွဲ့ဝင်များက ယနေ့နက်(၁၀)နာရီက မင်းစုကျေးရွာ စတီးစက်ရုံ တွင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းများမှ လျှပ်စစ်မီးသုံးစွဲမှုကြောင့် မီးလောင်မှုမရှိစေရေး မီးပလပ်ပေါက်များ၊ ဝါယာကြိုးများနှင့် မီးသတ်ရေပိုက်ငုတ်များ၊ မီးသတ်ရေကန်များနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအနေအထားများ အားစစ်ဆေးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုအမျိုးအစားများအား အသိပညာပေးဟောပြော ရှင်းလင်းခဲ့ပြီး လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပူးပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုး မြင့်မားသဖြင့် ခရိုင်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ၊ စက်ရုံ/အလုပ်ရုံများ၊ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ စဉ်ဆက်မပြတ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း စစ်ဆေးခြင်းများ၊ အသိပညာပေးဟောပြောခြင်းများ၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)