ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ဧပြီလ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဝင်ငွေရရှေးဦးပြုစုခြင်း သင်တန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ National Society Development Delegate Ms. Francesca Capoluongo က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ ဒုတိယအထွထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့သည်။

ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်းများကို အသင်းအနေဖြင့် ဗဟိုချုပ်ကိုင်မှုလျော့ချပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေတာဝန်ပေးခြင်းဖြင့် အသင်းခွဲများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဏ္ဍာရေးရေရှည် တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကို ဧပြီလ (၉) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ (၂) ရက်တာ ပြုလုပ်လျက်ရှိပြီး သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၉) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)