ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ထန်းတပင် ဧပြီ ၁၀

၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ် (၅၉) ခုတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် (၁) ခုနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် အုန်းလက်ရေကစားမဏ္ဍပ်ငယ် (၅၉) ခုတို့ဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့်လည်း ဗဟိုရေကစားမဏ္ဍပ်တွင်ယိမ်းအဖွဲ့ (၉) ဖွဲ့တို့မှ နေ့စဥ်ကပြဖျော်ဖြေပေးသွားမည်ဖြစ်သလို တေးဂီတဖျော်ဖြေမှုများဖြင့် လည်းစည်းကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် ရေကစားမဏ္ဍပ်တွင် လာရောက်ကာ ရေကစားကကြသူများကိုလည်း စတုဒီသာများနှင့် ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်လည်း ရေကစားမဏ္ဍပ်များကို မြို့နယ်အတွင်း တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ကိုလည်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဇင်မင်းထိုက်