ဒဂုံမြောက် နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် (၄၈)ရပ်ကွက်၊ ဖြိုးစပယ်စျေးတို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းချသူများနှင့် စျေးဝယ်လာသူ များနှင့် လမ်းသွားလမ်းလာများအား ပါးစပ်၊ နှာခေါင်းစည်း(mask)တစ်ခုလျင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ရာ (၃၀)ဦး စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေး အရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အပြင် ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ပညာပေး ပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)