တိုက်ကြီး ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊Youth Club နှင့်Women Club များဖြင့်စာရေးဆရာ လူထုဦးလှ ရေးသားသည့် “လူတစ်လုံး”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင် ဦးသိန်းထိုက်ဇော်က လူငယ်များအနေဖြင့် လူတစ်လုံးသူတစ်လုံး ဖြစ်စေရေးအတွက် တိကျသောရည်မှန်းချက်ရှိရမည်ဖြစ်ကြောင်း၊ လူငယ်များ ပညာအရည်အချင်းမြင့်မားရန်လိုမည်ဖြစ်ကြောင်းနှင့် ဘဝတွင် အချိန်ကို စနစ်တကျပိုင်းခြား စီစဥ်ပြီးသုံးမည်ဆိုလျှင် အခက်အခဲများကို ကျော်လွှားနိုင်ကြောင်း ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက် ရောက်လာကြသော Book Club အဖွဲ့ဝင်များက စာအုပ်ကောင်းများတွင် ပညာရှင်များ၏ အဖိုးတန်တွေးခေါ် မျှော်မြင်ချက်များ၊ အတွေ့အကြုံကောင်းများကို တွေ့နိုင်ကြောင်း၊ စာအုပ်ကောင်းများကို ဖတ်ရှုခြင်းဖြင့် ပညာရှိကြီးများနှင့် တွေ့ဆုံစကားပြောရသကဲ့သို့ အကျိုးကျေးဇူး များကြောင်းနှင့် Women Club အဖွဲ့ဝင်များက အလုပ်လုပ်ရာတွင် တစ်ဦးချင်းတစ်ယောက်ချင်း ဆောင်ရွက်ခြင်းထက် အတူစုပေါင်းလုပ်ဆောင်ခြင်းက ပိုမိုအောင်မြင်နိုင်ကြောင်း၊ အများ၏ ချစ်ခင်လေးစားအားထားခြင်း ခံရသူများတွင် စိတ်အားထက်သန်မှုပြင်းပြခြင်း၊ လုံ့လဝီရိယကြီးခြင်းတို့ကို တွေ့မြင်နိုင်ကြောင်း၊ အလုပ်ထဲတွင် မိမိ၏စိတ်၊ လုပ်အားတို့ကို မြှုပ်နှံထားခြင်းဖြင့် စိတ်ပျော်ရွှင်မှု၊ ကျေနပ်မှုတို့ကို ရရှိစေမည်ဖြစ်ကြောင်းဖတ်ကြား ဆွေးနွေးသည်။
အဆိုပါ စာဖတ်ဝိုင်းကို မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှု၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် လူငယ်များ၏အတွေးအခေါ်နှင့် ရည်မှန်းချက်များ မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)