ဥတ္တရသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဧပြီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ တောင်သူအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲ၊ နွားကောင်ရေ စာရင်းတိကျမှန်ကန်မှုရှိစေရန်၊ ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲ၊ နွားပိုင်ဆိုင်မှု ခိုင်မာစေရန် ရှင်းလင်းပြောကြားပြီး၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့်စိုက်ပျိုး၊ မွေးမြူးရေးကျောင်းများအကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ငြိမ်းချမ်းက ခွာနာလျှာနာ(FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊  နားကပ်တပ်ဆင်ခြင်း၏ အရေးပါပုံနှင့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ(ရုံးချုပ်)မှ သုတေသန အရာရှိ ဒေါက်တာလှိုင်ဝင်းက ခွာနာလျှာနာ (FMD) ရောဂါနှင့် ဆက်စပ်ရောဂါများအကြောင်း၊ ခွေးရူးရောဂါကာကွယ် တားဆီးရေးအကြောင်းများကိုလည်းကောင်း၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်ခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် ကူးစက်ရောဂါသတင်းပေးပို့မှုစနစ် ဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသည့်ဒေသခံများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ​မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၀ ဦးခန့် တက်ရောက်ခဲ့သည်။

ယင်းနောက် ကျေးရွာအတွင်းမှ နွားပိုင်ရှင် ၁၀ ဦး၊ နွားအကောင်ရေ ၂၅ ကောင်နှင့်ကြက်ပိုင်ရှင် ၃ ဦး၊ ကြက်ကောင်ရေ ၂၁ ကောင်အား ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)