မော်လမြိုင် ဧပြီ ၁၀
မွန်ပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငန်းတေးဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဝန်းထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ”၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှုရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ ဆရာတော်ကြီးများ ဦးစီးအမှူးထား၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဦးလှထွန်းတို့က “သန္တိသုခဓမ္မာရုံ” အသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ “အင်ကြင်းပင်” စိုက်ပျိုးခဲ့ကာ “သန္တိသုခဓမ္မာရုံ” အသစ် ကဗ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြစေတီဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိမလဗုဒ္ဓိဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းမိသားစုတို့က ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းမိသားစုနှင့် IPP ကုမ္ပဏီ ဥက္ကဋ္ဌတို့က ဓမ္မာရုံဖြစ်မြောက်ရေးအတွက် မတည်အလှူငွေကျပ် သိန်း(၁၁၅၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက မြစေတီဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိအရှင်သူမြတ်ထံ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြပြီး ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုး၍ ဆရာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)