ရန်ကုန် နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းဖြစ်သူ ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတ မြို့နယ်တွင် အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံ အဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များမှ အဆင်ပြေစွာကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းတွင် သာကေတမြို့နယ် ရပ်ကွက်(၁၉)ရပ်ကွက်၌ ရှိသော အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းဖြစ်သူ ပြည်သူများအား ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်အလိုက် သက်မှတ်မဲရုံများတွင် စီစဉ်ဆောင်ရွက်ခြင်း၊ မိုဘိုင်း မဲပုံးစနစ်ဖြင့် အိမ်တိုင်ရာရောက် ကြိုတင်မဲဆန္ဒရှင်စာရင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွန်ချက်များနှင့်အညီ ကောက်ယူလျက်ရှိရာ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၇၂၃၀)ဦး ရှိသည့်အနက် အမှန်တကယ် ကြိုတင်ဆန္ဒမဲပေးသူ (၁၉၉၂၀) ဦးရှိပြီး မသန်စွမ်းဖြစ်သူ(၃၀၄)ဦးမှ ကြိုတင် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော်ထံမှ သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)