မိတ္ထီလာမြို့နယ်တွင်  ဆည်ရေကန်ရေသောက်စနစ်ဖြင့်  နွေစပါးစိုက်ပျိုးဧက ၄၅၇ ဧကစိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မိတ္ထီလာ  ဧပြီ ၁၀

မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးဧက ၄၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                                                  

မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ ဒေသဝမ်းစာဖူလုံရေးအတွက် နှစ်စဉ်  မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးသီးနှံကို မြို့နယ်အတွင်းရှိ ထမုန်ကန်၊ သီးကုန်း၊ မုန်တိုင်၊ ရှမ်းမငယ် ကျေးရွာအုပ်စု ၄ အုပ်စုရှိ ကျေးရွာ ၈  ရွာမှ တောင်သူ ၁၉၀ ဦးတို့က ကွင်း ၆ ကွင်းဖြင့် စိုက်ဧက ၃၀၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး နွေစပါးများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာတွင် နွေစပါးကို တိုက်ရိုက် အစေ့ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက  ၁၉၆ ဧက၊   မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်နှင့် သီးကုန်းကျေးရွာအုပ်စုများတွင် နွေစပါး စိုက်ဧက ၁၅၀ ဧက၊  ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက  ၃၁ ဧက၊ ပုဂ္ဂလိကဆည်ရေ ဖြင့် ၇၂ ဧကနှင့် စက်ရေတွင်းဖြင့် စိုက်ဧက ၈ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)