မီတ္ထီလာမြို့နယ် တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေး

မိတ္ထီလာ ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ခင်တဲကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ခင်တဲကျေးရွာအုပ်စု တောင်ဖီလာကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အရင်းမပျောက်လည်ပတ် ရန်ပုံငွေကို ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာစီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေ ကျပ် ၅၀၅ သိန်းအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက တောင်ဖီလာကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၁ ဦးအား စီမံကိန်းရန်ပုံငွေ ၁၆၁ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် အသင်းသား အသင်းသူ ၆၄ ဦးတို့အား စီမံကိန်းရန်ပုံငွေ ကျပ် ၃၄၄ သိန်းအား အသီးသီးထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)