ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကလော ဧပြီ ၁၀

စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊က စာရေးဆရာ ဟမ်စိုင်း (ဆေး-မန်း) ရေးသားသည့် ယုံကြည်ခြင်းတွေပေးပါနှင့် စိတ်အာဟာရဖြည့်စာစုများစာအုပ်မှ မိမိကိုယ်တိုင်ကောင်းအောင် ကြိုးစားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိမိဘဝကိုတန်ဖိုးထားပါခေါင်းစဉ်နှင့် စာရိတ္တခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်  ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)