ရပ်စောက် ဧပြီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်တော်(၆၄)ပါးနှင့် ကြီးကြပ်ဆရာတော်(၁၁)ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စူဠာမုနိကုသိုလ်တော် ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ မင်္ဂလာရန်အောင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် အစိုးရပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် စာအောင်သံဃာတော် အရှင်သူမြတ်(၇၅)ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဘွယ်ပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချတရားနာယူခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)