ပင်းတယမြို့နယ်၌ ဒေသထွက်ရွှေဖီမိုးလက်ဖက်များ စတင်ခူးဆွတ်ရောင်းချ

ပင်းတယ ဧပြီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လက်ဖက်များကို တောင်ပေါ်ဒေသများတွင် အများအပြား စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ရွှေဖီမိုးလွတ်လက်ဖက်များကို စတင်ခူးဆွတ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

“လက်ဖက်ပင်များကို စတင်စိုက်ပျိုးပြီး  ငါးနှစ်ကျော်လျှင် စတင်ခူးဆွတ်ရပါတယ်၊ လက်ဖက်ရွက်နုများကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများမှလွဲပြီး ကျန်သည့်လများတွင် တစ်နှစ်ပတ်လုံးခူးဆွတ်ရပါတယ်၊ ဧပြီလအစောပိုင်းမှာ ထွက်တဲ့လက်ဖက်တွေက ရွှေဖီမိုးလွတ်ဖြစ်တော့ လက်ဖက်ခြောက်လုပ်ငန်းအတွက် အရသာအကောင်းဆုံးဖြစ်လို့ လက်ဖက်ခြောက်ပြုလုပ်ပါတယ်။ လူတိုင်းကတော့ ရွှေဖီမိုးလွတ်လက်ဖက်ခြောက်ကို အလွန်ကြိုက်နှစ်သက်ကြပြီး ဈေးကောင်းရပါတယ် မေလနှင့် ဇွန်လနောက်ပိုင်းမှာထွက်တဲ့ လက်ဖက်တွေကတော့ အထွက်နှုန်းအလွန်များပြီး လက်ဖက်ခြောက်က ဈေးကောင်းမရပေမဲ့ လက်ဖက်စိုလုပ်ငန်းအတွက် သိုလှောင်ထားရပြီး လက်ဖက်စိုကို နောက်နှစ်အထိ ရောင်းချရဖို့အတွက် သိုလှောင်ထားရပါတယ်။ လက်ဖက်စိုကိုတော့ ၂ နှစ်အထိ ထားလို့ရပါတယ်၊ လက်ဖက်ပင်များကို ရေရှည်ပင်အဖြစ် စိုက်ပျိုးထားတော့ မိသားစုအတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိပါတယ်’’ ဟု တောင်ပေါ်ကြီးကျေးရွာမှ လက်ဖက်စိုက်တောင်သူ တစ်ဦးက ပြောသည်။

ပင်းတယမြို့နယ်အတွင်း တောင်ပေါ်ဒေသများဖြစ်သည့် တောင်ပေါ်ကြီးကျေးရွာ၊ ဆီးကျအင်း၊ ထွက်နီ၊ မြေနီတောင်နှင့် ပါးမဲ စသည့် ကျေးရွာများတွင် လက်ဖက်အထွက်နှုန်း အများဆုံးဖြစ်ပြီး လက်ဖက်ကိုတစ်ဦးလျှင် အနည်းဆုံး ၁၀ ဧကမှ ၁၅ ဧကအထိ စိုက်ပျိုးထားကြကြောင်း လက်ဖက်ပင်များမှာလည်း မိသားစုဘိုးဘွားလက်ထက်ကပင် စိုက်ပျိုးထားသဖြင့် အချို့လက်ဖက်ပင်များမှာ သက်တမ်းကာလမြှင့်ပြီဖြစ်ပြီး ပင်စည်ပိုင်း မှာကြီးမား၍ သမိုင်းဝင် နှစ်ပေါင်း ရာကျော်အထိရှိသည့် အပင်များရှိကြောင်းလည်း သိရပြီး လက်ဖက်အထွက်နှုန်းလည်း အလွန်များပြားသဖြင့် လက်ဖက်စိုက်ပျိုးသည့် လုပ်ငန်းများဖြင့် မိသားစုများဝင်ငွေတိုး၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းနှင့် ယခုအချိန်တွင် ရွှေဖီမိုးလွတ်လက်ဖက်ခြောက်ကို တစ်ပိသာလျှင် (၁၇၀၀၀)ကျပ်မှ (၁၉၀၀၀)ကျပ်အထိ ရရှိပြီး လက်ဖက်အစို တစ်ပိသာလျှင် (၃၀၀ဝ)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရရှိနေကြောင်းသိရှိရသည်။

ရဲထက်ဦး(ပြန်/ဆက်)