နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်နေ့မှ စတင်၍ စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ စာသင်ဝိုင်းများဖြင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး သင်ကြားပို့ချနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(အင်တိုင်းသာ)၊ အမှတ်(၅)ရပ်ကွက်၊ စည်းလုံးညီညွတ်မှုဓမ္မာရုံနှင့် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲဒီးကျေးရွာ SMU ခန်းမစသည့် နေရာများသို့ သွားရောက်၍ စာသင်ကြား ပို့ချနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့မှစ၍ မေလ ၁၅ ရက်နေ့အထိ မြို့နယ် (၈)မြို့နယ်အတွင်း စာသင်သား ၁၉၅၈ ဦး၊ စာသင်ဝိုင်းပေါင်း ၁၃၆ ဝိုင်း စုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်ပေါင်း ၁၇၉ ဦးတို့က တစ်ရက် ပျမ်းမျှ သုံးနာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ စာတတ်မြောက်ရေးသင်ကြားခြင်းနှင့်အတူ လူမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)