မန္တလေးမြို့တွင် မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပရာ လှူဒါန်းငွေ (၂၀၈) သိန်းကျော်နှင့် သုတရသစာအုပ် (၄၀၀၀)ကျော် လှူဒါန်း

မန္တလေး ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ လှူဒါန်းငွေ ကျပ် (၂၀၈) သိန်းကျော်နှင့် သုတရသစာအုပ် (၄၀၀၀) ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ မန္တလေးမြို့ပေါ်ရှိ မြို့နယ်များမှ စာရေးဆရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ  မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်ဥက္ကဋ္ဌတို့မှ လှူဒါန်းငွေပေအပ်ခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ အလှူရှင်များကိုယ်စား လူမှုရေးရာဝန်ကြီးမှ အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်တို့က စာအုပ်များ ပေးအပ် လှူဒါန်းခြင်းများကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးက လှူဒါန်းရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်နှင့် အလှူရှင်များသည် စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးပြီး လှူဒါန်းရရှိထားသည့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုကြသည်။

ယနေ့ မန္တလေးမြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များမှ စုပေါင်းကာ အလှူငွေ ကျပ် ၂၀၈၁၀၀၀၀ နှင့် စာအုပ်စာစောင်ပေါင်း ၄၀၀၈ အုပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(ထွန်းထွန်းနိုင်)