ဟိုပုံး ဧပြီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူခဲ့သော သံဃာတော် (၁၅၄)ပါးတို့အား စူဠဘွဲ့နှင်းသဘင်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားနှင့် နဝကမ္မလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် သာသနာလင်္ကာရကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တသာရာလင်္ကာရနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် ဟိုပုံးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာ ပထမကြီးတန်း (၅)ပါး၊ ပထမလတ်တန်း (၈)ပါး၊ ပထမငယ်တန်း (၂၃)ပါးနှင့် အခြေပြုမူလတန်း (၈၈)ပါး စုစုပေါင်း (၁၂၄)ပါး၊ ၂၀၂၃ ခုနှစ် ဆီဆိုင်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာ ပထမကြီးတန်း (မရှိ)၊ ပထမလတ်တန်း(မရှိ) ၊ ပထမငယ်တန်း(၁)ပါးနှင့် အခြေပြုမူလတန်း(၂၉)ပါး စုစုပေါင်း (၃၀)ပါးတို့ကို စာအောင်လက်မှတ်နှင့် နဝကမ္မလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်အတွက် ငွေပဒေသာပင်များလှူဒါန်းရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး ဒေါ်မြတ်ခင်မော်မိသားစုမှ ငွေကျပ် (၁၀)သိန်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းမှ ငွေကျပ် (၁၁)သိန်းနှင့် မွေတော်ဘုရားကြီးဂေါပကအဖွဲ့မှ ငွေကျပ်(၅၁၀၀၀၀) လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)