ပြင်ဦးလွင်မြို့ ရှင်မဿဲမိဘမဲ့ကလေးများဂေဟာတွင်  အသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရှင်မဿဲမိဘမဲ့ကလေးများဂေဟာတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်စုရည်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သတ်၍ ဟောပြောဆွေးနွေးသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်”ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ရှင်မဿဲမိဘမဲ့ဂေဟာမှ ကလေးများက စိတ်၀င်တစားလေ့လာဖတ်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်စုရည်၊ စာရေးဆရာကိုရွှေအောင်သင်းနှင့် ရှင်မဿဲမိဘမဲ့ဂေဟာမှ ကလေး(၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး ခရိုင်(ပြန်/ဆက်)