နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား စစ်တွေမြို့တွင် ကျင်းပ

စစ်တွေ ဧပြီ ၁၀

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက လည်းကောင်း၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လှူဒါန်းသည့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာစာအုပ် (၂၄၂) အုပ်အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက လည်းကောင်း၊ စာရေးဆရာ ဂေါယာမြေစောဝင်းက လှူဒါန်းသည့် သုတ/ရသစာအုပ်(၅၅)အုပ်အား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသည့်အလှူငွေများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးတို့ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

အခမ်းအနားတွင် နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက လှူဒါန်းငွေကျပ်(၁၁၉)သိန်းနှင့် သုတ၊ ရသ စာအုပ်(၂၉၇)အုပ်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)