မိုင်းယောင်းမြို့နယ်သို့ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဝင်ဆရာတော်များ ကြွရောက်

မိုင်းယောင်း ဧပြီ ၁၀

နိုင်ငံတော်အဆင့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သို့ ကြွရောက်လာပြီး ယမန်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြုဌာနများအား ကြွရောက်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြုဌာနများဖြစ်သည့် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၊  ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၊  ထေရဝါဒဗုဒ္ဓ သာသနာပြု(ဝမ်ဇလီလော်)ကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု(ကော်ဆမ်မိန်း)ကျောင်းများတို့    ကြွရောက်လှည့်လည်ကြည့်ရှုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှူး ဦးမြတ်ကိုဦးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့သည်။

ထို့အပြင် ညပိုင်းတွင် မိုင်းယောင်းမြို့ အမှတ်(၃)ရပ်ကွက်၊ “ရွှေမိုင်းယောင်း”တည်းခိုခန်း၌ သီတင်းသုံးတော်မူလျက်ရှိသော ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ နှင့်ဇနီး ဒေါ်မျိုးအေးချိုတို့က နဝကမ္မအလှူငွေ ကျပ်(၆)သောင်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်