မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မချမ်းဘော ဧပြီ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက်စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော နွေရာသီအားကစားသင်တန်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦးတို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)