အသက်(၈၀)နှစ်အထက် ပါဝင်သော အိမ်ထောင်စုများနှင့် မသန်စွမ်းသူများ ပါဝင်သော အိမ်ထောင် စုများအား Worldview International Foundation(WIF) အဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်း များ ထောက်ပံ့လှူဒါန်း

ကွမ်းခြံကုန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကန်လျားရှည်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသောကာလအတွင်း လူမှုစီးပွား အခက်အခဲနှင့် ကြုံတွေ့နေရပြီး ဝင်ငွေ နည်းပါးသော အသက်(၈၀)နှစ်အထက် အသက်ကြီးပိုင်းများ ပါဝင်သော အိမ်ထောင်စုများနှင့် မသန် စွမ်းသူများ ပါဝင်သော အိမ်ထောင်စုများအား ယမန်နေ့ နံနက်ပိုင်းက Worldview International Foundation (WIF) အဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြောင်း        သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် အိမ်ထောင်စု(၁)စုအတွက် ငွေကျပ်(၂၀၀၀၀)တန်ဘိုးရှိသော ဆန်(၆)ပြည်၊ ဆီ(၂)လီတာ၊ ကုလားပဲ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ပါဝင်သော အခြေခံစားသောက်ကုန်(၅)မျိုးအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ စားသောက်ကုန်ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စားသောက်ကုန်ပစ္စည်း လက်ခံမည့် အိမ်ထောင်စုဝင်များအား နှာခေါင်းစည်း (mask) တပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေရာယူ စောင့်ဆိုင်းစေပြီး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ပြီး အသက်(၈၀)နှစ်အထက်ပါဝင်သော အိမ်ထောင်စု (၄၀)စုနှင့် မသန်စွမ်းသူပါဝင်သော အိမ်ထောင်စု(၃၅)၊ စုစုပေါင်း အိမ်ထောင်စု(၇၅)စုတို့အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)