ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး

ဇေယျာသီရိ ဧပြီ ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပခဲ့ပြီး ယမန်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ နဝမမြောက်နေ့ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း ၁၀၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့တွင် ဒွေမာတိကာ၊ ဘိက္ခုပါတိမောက်၊ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဓမ္မပဒဘာသာ၊ ၄ ရက်နေ့တွင် ကစ္စည်းသဒ္ဒါကြီးဘာသာ၊ ၅ ရက်နေ့တွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊ ၆ ရက်နေ့တွင် တိကမာတိကာ၊ ဒုကမာတိကာ၊ ဓာတုကထာဘာသာ၊ သုတ္တန္တိကမာတိကာ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာ၊ ၇ ရက်နေ့တွင် ဘာသာပြန်၊ ယမိုက်အောက် (၅)ကျမ်း၊ ယမိုက်အထက် (၅)ကျမ်းဘာသာ၊ ၈ ရက်နေ့တွင် ဘာသာပြန်၊ ပဋ္ဌာန်းကုသလတိက်ဘာသာ၊ ၉ ရက်နေ့တွင် ဘာသာပြန်ဘာသာများအား ဖြေဆိုခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)