ကျောက်ဆည်မြို့၌‌ ကျောင်းသား၊ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီပြိုင်ပွဲ၊စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဧပြီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၂ နာရီက ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက လူငယ်များသည်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ရာ အသိဉာဏ် ပညာဗဟုသုတကြွယ်ဝရန်လိုကြောင်း၊ အကြောင်းအကျိုးအကောင်းအဆိုး ခွဲခြားစွာသိရှိနိုင်ဖို့ အသိပညာ ဉာဏ်ပညာရှိရန်လိုကြောင်း၊ အခြေခံပန်းချီပညာသည် ကျောင်းသင်ခန်းစာဘာသာရပ်များ တွင် အထောက် အကူပြုကြောင်း၊  ပန်းချီရေးဆွဲနည်းများ ဆက်လက်လေ့လာပြီး ထူးချွန်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပန်းချီပြိုင်ပွဲဆက်လက်ကျင်းပခဲ့ရာ  ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ (၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)