သုံးခွ ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၁၁)ရပ်ကွက် မဟာအတုလဝေယံသာသနာ့ဗိမာန်၌ ပထမပြန်စာမေးပွဲနှင့် နိကယ်စာမေးပွဲတွင် အောင်မြင်တော်မှုသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမနသီရိထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ (နိုင်ငံတော်ဗဟို သံဃဝန်ဆောင်) မြို့မရေလည်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ ဒေါက်တာနန္ဒလင်္ကာရထံမှ သြဝါဒကထာနာကြားကြောင်း သိရသည်။
ဆက်လက်၍ ပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲအောင်မြင်တော်မူသည့် စာအောင်သံဃာတော် (၁၀) ပါး၊ သီလရှင် (၂) ပါး စုစုပေါင်း (၁၂) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)